ကမ္ဘာကျော် သတ္တုတွင်းရှိသည့် နမ္မတူမြို့ကို PSLF/TNLA သိမ်းပိုက်
================
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်တစ်ခုလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ယနေ့ (ဒီဇင်ဘာ ၂၈) နံနက်တွင် အပြီးသတ် ထိန်းချုပ်နိုင်ပြီ လို့သိရပါတယ်။
နမ္မတူမြို့တွင်းမှ ၁ မိုင်ခန့်အကွာရှိ ခမရ-၃၂၄ တပ်စခန်းကို အပြီးသတ် တိုက် ခိုက် ပြီး နောက် တစ်မြို့နယ်လုံးကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်လို့ PSLF/TNLA နီးစပ်သူတစ်ဦးက ယနေ့ ဒီဇင်ဘာ ၂၈ နံနက်တွင် Myanmar Now ထံအတည် ပြုပြောကြားခဲ့ပါတယ်။
နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို PSLF/TNLA က ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ၈ ရက်အကြာတွင် တပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်နိုင်ခြင်းဖြစ်ပါတယ်။
ခမရ-၃၂၄ မကျရေး စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်၊ Mi 35, Y12 လေယာဉ်များဖြင့် တိုက်ခိုက်သည့်အပြင် လက်နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြု ခုခံသော်လည်း PSLF/TNLA တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကို တောင့်ခံနိုင် ခြင်းမရှိတော့ဘဲ ၈ ရက်အကြာတွင် လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံမြို့တို့ကို PSLF/TNLA က သိမ်းပိုက်ခြင်း၊ ယခု နမ္မတူမြို့ကို ထပ်မံ သိမ်းပိုက်ခြင်းတို့နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါ။
စစ်ကောင်စီပြန်ကြားရေး ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ်ပုံမှန် ထုတ်ပြန်ချက်များသည်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ ထွက်ပေါ် လာခြင်း မရှိတော့ပါ.
နမ္မတူသည် ဘော်တွင်းဒေသ သတ္တုလုပ်ငန်းကို အကြောင်းပြု၍ ထင်ရှားလာ သော မြို့ဖြစ်ပါတယ်။
စတုရန်းမိုင် ၆၅၂.၁၁၃ ကျယ်ဝန်းသည့် နမ္မတူမြို့နယ်ကို ရပ်ကွက် ၂ ခု၊ ကျေးရွာ အုပ်စု ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး ရှမ်း၊ ပလောင်နှင့် ဗမာလူမျိုး အများစု နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်၊ မန်တုံမြို့နယ်၊ မူဆယ် ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်တို့ကို PSLF/TNLA က သိမ်းပိုက်ပြီးဖြစ်၍ နမ္မတူ မြို့နယ်သည် ထိုအဖွဲ့ စတုတ္ထမြောက်သိမ်းပိုက်သည့် မြို့နယ်ဖြစ်လာ သည်။
မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်တို့တွင်လည်း PSLF/TNLA နှင့် မြောက် ပိုင်း မဟာမိတ်တပ်များ ဆက်လက် ထိုးစစ်ဆင်လျက်ရှိ တယ်လို့သိရပါတယ်။
ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါက မန္တလေး-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မူဆယ်လမ်းတစ်လျှောက်လုံးသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက် သွားမည်ဖြစ်ပြီး လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) သည် နှစ်ဖက်ပိတ်ဆို့ခံရနိုင်သည့် အခြေအနေရှိနေပါတယ်။Credit : CBN Daily News